သံပင် (သို့) ပန်းလုံး (Rebar)
သံပင် (သို့) ပန်းလုံး (Rebar) များကို အဆောက်အဦးများ တည်ဆောက်ရာတွင် သံချည်သံကွေးများ အဖြစ် အသုံးပြုကြသည်။ အဆောက်အဦးများတွင် အသုံးပြုမည့် အခြေအနေကို လိုက်၍ အရွယ်အစား အမျိုးမျိုး ထုတ်လုပ်လျှက်ရှိသည်။ သံပင် လုံးပါတ်ထုထည် ကို mm ဖြင့်ဖော်ပြပြီး ပေ 40 ရှိသော သံပင်တစ်ချောင်းချင်း၏ အလေးချိန်ကို kg ဖြင့်ဖော်ပြပါသည်။ ဥပမာ 4.5 kg rebar 10mm 10မီလီမီတာရှိသော ပေ ၄၀ သံပင်တစ်ချောင်းသည် အလေးချိန် 4.5 ကီလိုဂရမ် ရှိသည်။ လုံးပါတ်ထုထည် တစ်မျိုးတွင် အလေးချိန်အနည်းအများပေါ်မူတည်၍ ဈေးနှုန်းအနိမ့်အမြင့် သတ်မှတ်သည်။ ဈေးနှုန်းများကို တန် ဖြင့်သတ်မှတ်လေ့ရှိသည်။ ပေ ၄၀ သံပင် တစ်ချောင်း၏ အလေးအချိန်အလိုက် ၁တန်တွင် ပါဝင်သော သံပင်အချောင်းအရေတွက်မှာလဲ ကွဲပြားသည်။ ဥပမာ 12mm သံပင်တွင် 7kg ဖြစ်ပါက 1တန်တွင် အချောင်းရေ 90 ပါဝင်ပြီး။ 12mm တွင် 7.5Kg ဖြစ်ပါက အချောင်းရေ 88 ချောင်းသာ ပါဝင်သည်။
ကြမ်းပြား (Flat)
ကြမ်းပြား (Flat) များမှာ တခါးလျှောက်လမ်းများ၊ ရေတံလျှောက်များ၏ အောက်ခံတန်းများ အဖြစ် သုံးပြုကြသည်။ သံပန်း သံတခါး လုပ်ငန်းများတွင်လည်း တွင်ကျယ်စွာ အသုံးပြုလေ့ရှိသည်။ သို့သော် ယခုအခါ hollow pipe များအား အစားထိုး အသုံးပြုလာကြသည်။ လှည်းဘီးများတွင် လှည်းပတ်သံ အဖြစ် အသုံးများသည်။ ကြမ်ပြားများကို ဖြတ်၊ဖောက်၊ကွေးပြီး ကျင်တွယ်တိုင်များ အဖြစ်လည်း အသုံးပြုသည်။ ကြမ်းပြားများကို အထူအပါး(thickness) နှင့် အကျယ်(width) အမျိုးမျိုးဖြင့် ထုတ်လုပ်ပြီး ပိသာ ဈေးနှုန်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်လေ့ရှိသည်။ ဥပမာ 3/16 flat 1 1/4 ။ 3/16 သုံးပဲ အထူ နှင့် ၅မတ် အကျယ်ရှိသော ကြမ်းပြား
ကျင်တွယ် (ဖိနပ်တိုင်)
ကျင်တွယ် (ဖိနပ်တိုင်) များမှာ ကျေးလက်ဒေသများတွင် အိမ်များ ကျီများ တည်ဆောက်ရာ၌ အသုံးများသည်။ ကျင်တွယ်တိုင်များတွင် အသားတိုင်များကပ်ပြီး နတ်တိုင်ဆွဲကာ တိုင်ထောင်ရာ၌ အသုံးပြုသည်။ ဆောက်လုပ်မည့် အဆောက်အဦး၏ အနိမ့်အမြင့်ပေါ်မူတည်ပြီး ကျင်တွယ်တိုင်များမှာလည်း အရွယ်အစား ထုထည် အရှည် ကွာခြားမှု့ရှိသည်။ ကျင်တွယ်များကိုမူ အရှည် (length) နှင့် အကျယ် (width) ဖြင့် အမျိုးအစားများ ခွဲခြားထားသည်။ ဥပမာ 2 ½’ ကျင်တွယ် 2” ၂ပေခွဲအရှည် ၂လက်မ အကျယ်ရှိသော ကျင်တွယ်။ ထုထည်မှာ အရှည်နှင့် အကျယ်ပေါ်တွင် မူတည်၍ အများလက်ခံထားသော သတ်မှတ်ချက် အတိုင်း ထုတ်လုပ်ရသည်။
ပြောင်လုံး (Round Bar)
ပြောင်လုံး (Round Bar) များကို ပြုတင်းပေါက်သံတိုင်များ အဖြစ်အများဆုံး အသုံးပြုကြသည်။ တချို့နေရာများတွင် တခါးလျှောက်လမ်းများကို ကြမ်းပြားများ အစား ပြောင်လုံးများကို အသုံးပြုကြသည်။ လျှပ်စစ်လိုင်းများဆွဲရာတွင် ပြောင်လုံးများကို နတ်တိုင်အရစ်များချ၍ stay rod များအဖြစ်လဲ အသုံးပြုကြသည်။ သံပန်း သံတခါးများတွင်လည်း ပြောင်းလုံးများကို အသုံးပြုလေ့ရှိသည်။ ပြောင်လုံးများကို လုံးပါတ်ထုထည်နှင့် အရှည် ဖြင့်သာခွဲခြား ထုတ်လုပ်လေ့ရှိသည်။ ဥပမာ 20’ round bar 12mm ၁၂ မီလီမီတာထုထည် ပေ၂၀အရှည် ပြောင်လုံး
စွန့်ပစ် အဟောင်းဈေးကွက်
သံထုတ်လုပ်မှုသည် သဘာဝ သယံဇာတ ဖြစ်သော သံကျောက်မှ ထုတ်လုပ်ခြင်း မဟုတ်ပါ။ စွန့်ပစ် သံထည် အဟောင်းများကို Recycle နည်းပညာများဖြင့် ထုတ်လုပ်ခြင်းဖြစ်သည်။ သံထည်ပစ္စည်းအဟောင်း ဈေးကွက်တွင် အသုံးမပြုတော့သော သံထည်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားသည်။ ယာဉ်အဟောင်းများ ယန္တရာများမှ အဆောက်အဦးအဟောင်းများကို ဖျက်သိမ်းခြင်းကိုပါ တင်ဒါယူ၍ လုပ်ကိုင်ကြသည်။ မြန်မာနိုင်ငံ၏ အနယ်နယ် အရပ်ရပ်မှ အသုံးအဆောင် ပစ္စည်းအဟောင်းများကို ဝယ်ယူ၍ သံရည်ကျိုစက်ရုံများသို့ ပြန်လည်ရောင်းချသည်။ စက်ဘီးများ ဆိုင်ကယ်များ အဆောက်အဦးဖျက်သိမ်းသော သံထည်များမှ အင်ဂျင်အဟောင်းများမှ အစ သံဗူးများခွက်များကို သံရည်ကျိုစက်ရုံများ၏ ကုန်ကြမ်းများ အဖြစ် အသုံးပြုသည်။ ကုန်ကြမ်းများကို အဆင့်အဆင့်ပြန်လည် ပြုပြင်၍ သံပင်များ၊ ကြမ်းပြားများ၊ ရေခရူများ၊ ဝိတ်ဘီးနှင့် ပူလီများ ထုတ်လုပ်ကြသည်။
သံစိမ်း (Low Carbon)
သံဈေးကွက်တွင် သံကြွပ်၊ သံစိမ်း ဟူ၍ အမျိုးအစားနှစ်ခု အဓိက အသုံးပြုသည်။ သံကြွပ်ဆိုသည်မှာ အပူပေးခြင်းဖြင့် ပုံစံပြောင်းလဲလို့ မရသော သံ များကို ဆိုလိုသည်။ အင်ဂျင်များ၊ ရေခရူများ၊ ဝိတ်ဘီးများ နှင့် ရေပန့်များ အစရှိသည်မှာ သံကြွပ်များဖြစ်သည်။ ကွေးညွတ်မှု့မရှိဘဲ ကွဲအက်သွားသော သံအမျိုးအစားဖြစ်သည်။ သံစိမ်းဆိုသည်မှာ အပူဖြင့် ပုံစံပြောင်းနိုင်သော သံအမျိုးအစား ဖြစ်သည်။ ကွဲအက်ခြင်းမရှိဘဲ ကွေးညွှတ်နိုင်သော သံအမျိုးအစားဖြစ်သည်။ အဆောက်အဦများတွင် အသုံးပြုသော သံ များမှာ အများအားဖြင့် သံစိမ်းများ ဖြစ်သည်။ ပန်လုံးများ၊ ရိုက်သံများ၊ သံချည်သံကွေးများ မှာ သံစိမ်များဖြစ်သည်။ ထို့ကြောင့် သံရည်ကျိုစက်ရုံဟု ဆိုရာတွင် သံစိမ်းနှင့် သံကြွပ် မတူနိုင်ပါ။ ထို သံအမျိုးအစား နှစ်မျိုးလုံး ထုတ်လုပ်သော စက်ရုံများရှိသော်လည်း တစ်မျိုးထဲကို ထုတ်လုပ်သော စက်ရုံများမှာ ရာခိုင်နှုန်းများသည်။ သံစိမ်းများမှာ သံစိမ်းပါဝင်မှု့နှင့် ထုထည်ကို လိုက်၍ ဈေးနှုန်းများကွာခြားသည်။ သံစိမ်း သံရည်ကျိုခြင်းကို ငဇွန်မြို့နယ်တွင် စတင်ခဲ့ရာ သံစိမ်းများကို ငဇွန်သံဟု ခေါ်လေ့ရှိသည်။ ငဇွန်သံဆိုသည်မှာ ဓါးများ၊ စက်ဘီး ဆိုင်ကယ် ချိန်းကြိုးများနှင့် ချိန်းစပေါ့ကတ်များ၊ သံပင် အတိုအစများ စသည့် သံရည်ကျိုသည့် ဖို သို့ ဝင်ဆံ့နိုင်ပြီး ထုထည်အသင့်အတင့် ရှိသည့် သံစိမ်းများကို ခေါ်သည်။ သံရည်ကျိုဖို (လုံအိုး)များမှာ အများအားဖြင့် အဝ ၁ပေခွဲခန့်သာ ရှိသည်။
ဖိတုံးများ (Baler)
မီးဖိုချောင်သုံး ပန်းကန် ခွက်များ နှင့် နို့ဆီများကဲ့သို့သော ကုန်ပွများကို သံရည်ကျိုရာတွင် ကျစ်လစ်လွယ်ကူစေရန် hydraulic ဖိစက်များဖြစ် လေးထောင့် ဖိတုံးများသို့ ပြောင်းလဲပေးရသည်။ စက်ဘီးများ၊ ပေပါပိုင်းများနှင့် ကားဘော်ဒီပြားများကိုလဲ ဖိတုံးများ အဖြစ် ပြောင်းလဲသည်။ သို့သော် အရည်အသွေးမတူသဖြင့် ဈေးနှုန်းလဲ ကွာဟမှု့ရှိသည်။
ခြေစများ (Shredded)
နည်းပညာများ ပြောင်းလဲတိုးတတ်လာသည့် အလျှောက် hydraulic ဖိစက်များမှ ဖိတုံးများကို ကမ္ဘာပေါ်တွင် အသုံးနည်းလာသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ အမှိုက်ပါဝင်မှုများပြားခြင်းကြောင့် မီးခိုးနှင့် အနံဆိုးတို့ကို ဖြစ်ပေါ်သည်။ ရံဖန်ရံခါ ရှော့ဘားများကဲ့သို့သော ဆီနှင့်လေအလုံပိတ်များ ပါဝင်မှု့သည် သံရည်ကျိုသောအခါ အသေးစားပေါက်ကွဲမှု့များ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ဖိတုံးများမှာ သယ်ယူပို့ဆောင်ရာတွင် ဝန် ကျစ်လျစ်စေရန် ရည်ရွယ်၍ ထုတ်လုပ်လျှက်ရှိသည်။ ထိုဖိတုံးများ တိုက်ရိုက်သံရည်မကျိုဘဲ ခြေစက်များဖြင့် ထုခြေသန့်စင်ပြီးမှ သံရည်ကျိုခြင်း ပြုလုပ်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် ဖိတုံးများကို ခြေမွနိုင်သော ခြေစက်မျိုး မရှိသေးသော်လည်း၊ ဖိတုံးပြုလုပ်ခဲ့သော ကုန်ကြမ်းများ ကို ခြေစက်များဖြင့် သန့်စင်ပြီးမှ သံရည်ကျိုသော စက်ရုံများ ပေါ်ထွန်းလာသည်။ ခြေစက်များမှာ သံခြေးနှင့် အမှိုက်ပါဝင်မှု့ကို ၈၀% ထိ လျှော့ချနိုင်သောကြောင့် မီးခိုးနှင့် အနံဆိုးများ ထွက်ရှိမှု့ကို များစွာ လျှော့ချပေးနိုင်သည်။
ပေါင်မုန့်ချောင်း (ပေါက်ချောင်း) (Billets)
သံစိမ်း သံရည်ကျိုစက်များမှာ ထုတ်လုပ်သော ထုတ်ကုန်များဖြစ်သည်။ သံစိမ်းများကို အဖျော်ချပြီး သံရည်ကို မို ခွက်များသို့ လောင်းထည့်ပြီး အေးခဲထားသော ပစ္စည်းများဖြစ်သည်။ သံစိမ်းများ အရည်ပျော်ရန် ခက်ခဲသည် တနည်းဆိုသော် ခဲလွယ်သည်။ မိနစ်အနည်းငယ်အတွင် သံစိမ်းသည် အရည်မှ အစိုင်အခဲ အဖြစ်သို့ ပြောင်းလဲသည်။ သံရည်ကျိုများမှာ induction စနစ်ကို အသုံးပြုသည်။ သံလိုက်စွမ်းအင်ဖြင့် အစိုင်အခဲများကို အရည်အဖြစ်သို့ ဘဝပြောင်းခြင်းစေ ဖြစ်သည်။ ထိုဖြစ်စဉ်မှ အပူထွက်ခြင်း ဖြစ်သည်။ အပူဖြင့် သံစိမ်းကို အရည်ပျော်စေခြင်းမဟုတ်ပါ။ လျှပ်စစ်စွမ်းအင် အဓိက ဖြစ်သည်။ သံစိမ်း၏ ခဲလွယ်ခြင်း နှင့် အရည်ပျော်ရန် ခက်ခဲခြင်းသည် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု့ပေါ်တွင် များစွာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။ သံနန်းဆွဲ စက်များမှာ ပေါင်မုန့်ချောင်းများကို ပြန်လည်အပူပေးပြီး ပန်းလုံးများ၊ ကြမ်းပြား အဖြစ်သို့ ထုတ်လုပ်ကြသည်။
















